top of page

မေမြို့မှသည် နာနတ်သီးရွာသို့ သွားချင်ရင်ဖြင့်...

ဒီခရီးလေးကို စီစဉ်ဖြစ်တာ နိုင်ငံခြားသားတွေ အလာများတဲ့ မေမြို့မှာ ကိုလိုနီအဆောင်အအုံတွေ ရေတံခွန်တွေ ပန်းခြံတွေအပြင် သူတို့တွေက ရှမ်းရွာက တောင်သူတောင်သားရွာသားတွေရဲ့ နေထိုင်မှုတွေကို လေ့လာချင်တယ်လို့ request လုပ်ပြောကြလို့ စီစဉ်ဖြစ်တာပါ... Ecotourism သဘောပါ...

သွားနည်းအဖုံဖုံ ************** တကယ်လို့ trekking အဖြစ်သွားချင်ရင်တော့ မနက်စောစော၈နာရီလောက်ထပြီး သွားရင် အဆင်ပြေပါတယ်... တစ်ချို့သူတွေကတော့ rough biting စီးကြပါတယ်... အရမ်းလည်း မပင်ပန်းချင်ဘူး တောင်တွေတောတွေထဲ အဆင်ပြေပြေ သွားချင်ရင်တော့ ရွာခြေရင်းအထိ မြေနီလမ်းပေါက်ပါတယ်... ကားနဲ့သွားရင် နာရီဝက် ၄၅ မိနစ်လောက်ကြာပါတယ်...


လမ်းခရီးစဉ်အသွား **************** မေမြို့ထောက်ပို့ပန်းခြံဘေးလမ်းကနေ ဝင်သွားရပါတယ်... ဆက်သွယ်ရေးတပ်ဘေးနဲ့က မောင်းပြီး အတော်အတန်ရောက်ရင် ကတ္တရာလမ်းကတေ မြေနီလမ်းလေး ပြောင်းသွားတယ်...ကတ္တရာလမ်းတောက်လျောက်မှာလည်း ဘေးဘယ်ညာမှာ စိုက်ပျိုးခင်းလေးတွေနဲ့ အတော်သာယာလှပါတယ်...


မြေနီလမ်းကနေ တောင်တက်တောင်ဆင်းနည်းနည်းကျော်လာတော့ တောင်နံရံတွေမှာ နာနတ်သီး စိုက်ခင်းတွေကို စတွေ့ရပါတယ်.... တနိုင်ငံလုံးကို ဖြန့်ဖို့ နာနတ်သီးသယ်တဲ့ ထော်လာဂျီတွေနဲ့ ပြည့်နေတာ အခုရာသီမှာတွေ့ရပါတယ်...


လှေကားထစ်စိုက်ခင်းအသေးစားလေးတွေကို တွေ့ရပါတယ်... အခုအချိန်မှာတော့ မြေပျိုးထားတာကိုပဲ တွေ့ရပါတယ်.... ဒီလိုနဲ့ တောင်အမြင့်ဆုံးတစ်ခုတက်ပြီး လမ်းဆုံတစ်ခုကို ရောက်ပါတယ်...ဒီတောင်အမြင့်ဆုံကနေဆို တောင်တန်းလျိုတောက်လျှောက်ကိုတွေ့ရတာ အရမ်းလှပါတယ်...


လမ်းဆုံမှာ ညာဘက်ကတော့ ပန်းဦးတောင်ကျေးရွာပါ... ဘယ်ဘက်ကတော့ နှစ်တစ်ရာဘုန်းကြီးကျောင်းရှိတဲ့ အုတ်ဖိုရွာပါ... အရင်ဆုံးနေ့လည်စာမစားခင် ဘုန်းကြီးကျောင်းကို အရင်သွားလိုက်တာ ကောင်းပါတယ်...



နှစ်တစ်ရာဘုန်းကြီးကျောင်းနဲ့ ညောင်ပင် **********************************


ဘုန်းကြီးကျောင်းကြီးက နှစ်တစ်ရာရှိတော့ တော်တော်ယိုယွင်းနေတာတွေ့ရပါတယ်... သစ်သားတိုင်တွေကို ရှေးခေတ်ပုံစံကနုတ်တွေကို ရွှေပြားရိုက်ပြီး ကပ်ထားတာ တစ်ချို့တိုင်တွေမှာတွေ့ရပါတယ်...

ဘုရားခန်းကဘုရားစင်ပလ္လင်တွေက တကယ်ကို ရှေးကျပြီး တော်တော်လှပါတယ်...

အင်းလေးက ကြောင်ခုန်ဘုန်းကြီးကျောင်းက ဘုရားပလ္လင်တွေနဲ့ အတော်ပုံစံတူတယ်...


ကျောင်းပြတင်းပေါက်တွေ ပြဿဒ်တွေ ဆင်ဝင်ပေါက်တွေက တကယ်ကို ဆန်းပါတယ်... ကျောင်းဆောင်ကြီးရဲ့နောက်မှာ နှစ်တစ်ရာညောင်ပင်ကြီးရှိပါတယ်... ဘုန်းကြီးကျောင်းရှိတဲ့ တောင်ပေါ်ကနေ တောင်အောက်ကို လှမ်းကြည့်ရတဲ့ လျိုဝှမ်းက အရမ်းကို မျက်စိအေးလှပါတယ်....




ဘုန်းကြီးကျောင်းကနေ ပြန်ထွက်လာပြီး ထမင်းစားဖို့ စီစဉ်ထားတဲ့ ပန်းဦးတောင်ရွာကို ခရီးဆက်ခဲ့ပါတယ်..ရွာလမ်းတောက်လျှောက်မှာ စိုက်ခင်းတွေမှာ စိုက်ပျိုးနေကြတဲ့ ရွာသားတွေ ညောင်ပင်တွေနားနေကြတဲ့ ရွာသားတွေနဲ့ အေးချမ်းလှပါတယ်... ရွာတွေမှာ ညောင်ပင်တွေရှိပြီး ညောင်ပင်သက်တမ်းတွေက အတော်ကြာတာကို တွေ့ရပါတယ်.. နာရီဝက်လောက်အကြာမှာ ပန်းဦးတောင်ရွာကို ရောက်ပါတယ်...


ပန်းဦးတောင်ရွာ ************** ပန်းဦးတောင်ရွာက အရမ်းကို စည်ကားတဲ့ရွာ ရောင်းဝယ်ဖောက်ကားလည်း ကောင်းတယ်... မီးတော့မရသေးဘူး... ကိုယ်ပိုင်မီးစက်ကလေးတွေနဲ့ပေါ့... နှစ်ကုန်ဆိုရင်တော့ အစိုးရမီးရမယ်တဲ့ ဆေးရုံးဆေးပေးခန်းလည်းမရှိတော့ အခုတော့ ကိုယ်ထူကိုယ်ထဆေးခန်းလေးကို ရွာက ဆောက်ပေးမလို့လုပ်နေတယ်..ဆရာဝန်နဲ့ ဆရမက တစ်ပတ် သုံးခါလာထိုင်ပေးမယ်တဲ့... ရွာလမ်းကလည်း ဒီနှစ်ဘက်ဂျက်ကျပြီဆိုတော့ ကတ္တရာလမ်းတော့ဖြစ်တော့မယ်တဲ့ ဒါပေမဲ့အခုထိ ကျောက်ဖြုန်းလမ်းပဲ...


ရှမ်းရွာက အိမ်လေးတွေ ******************* လမ်းတောက်လျောက်သတိထားမိတာက ရှမ်းရွာက အိမ်လေးတွေပါ... အိမ်က ပင်မအိမ်မှာ အိမ်ခန်း ထမင်းစာခန်းနဲ့ ဘုရားခန်းကို ထားတယ်... မီးဖိုချောင်ကိုတော့ အိမ်မှာ အဖီလေးထုတ်ပြီး ထားတယ်... အိမ်ဝန်းထဲမှာပဲ တဲလေးတစ်ခုထပ်ထိုးထားတယ်... အဲဒါက ထင်းလှောင်ဖို့ရယ် အဝတ်လျော်ပြီးအဝတ်လှမ်းဖို့ရယ် ကျပ်ခိုတင်ဖို့ နေရာလေးကို ထပ်လုပ်ထားတယ်... ဒါအပြင် အလုံပိတ်ထားတဲ့ စပါးကျီလေးက အိမ်တိုင်းမှာရှိတယ်... တစ်နှစ်စာလှောင်ထားတာတဲ့... ခြံဝန်းထဲမှာ အိမ်လေးအပြင် တဲလေး နှစ်ခုသုံးခုရှိနေတာ ရှမ်းအိမ်တွေရဲ့ပုံစံတဲ့... ကလေးတွေဆော့ဖို့ နေရာအကျယ်ကြီးရှိတော့ အိမ်မှာ ဆော့နေကြတာကို တွေ့ရပါတယ်... ဘေးမှာတော့တစ်နိုင်တစ်ပိုင်စိုက်ခင်းလေးကို တွေ့ရပါတယ်...


ရှမ်းအိမ်ထမင်းနဲ့ ဟင်း ****************** Home visit အနေနဲ့ကျွေးမယ့်အိမ်ကတော့ ပန်းဦးတောင်ရွာလယ်လောက်က အိမ်ပါ... ဒီတစ်ခေါက် ရှမ်းထမင်းဟင်းတွေက တောင်ယာဟင်းရည် ရှမ်းပဲပုတ်ချက် ငါကြင်းရှမ်းပေါင်း ရှမ်းပန်းမုံလာကြော်နဲ့ အတို့အမြုပ်လေးနဲ့... ထမင်းမစားခင် မက်မန်းဝိုင်ချိုလေးတိုက်တယ်... အချိုပွဲကတော့ ရွာထွက် နာနတ်သီးနဲ့ နာနတ်သီးယိုနဲ့ ရေနွေးကြမ်းပေါ့...စားလိုကောင်းလိုက်တာ နှစ်ပန်းကန်လောက်ကုန်သွားတယ် ဆီမများ တကယ်ကို Healthy food ပဲ... အသားတွေမပါဘဲနဲ့တောင် အရမ်းစားကောင်းပါတယ်... အိမ်ရှင်တွေကလည်း ရှမ်းစကားဝဲဝဲလေးနဲ့ အားရပါးရဧည့်ခံရှာတယ်....



ထမင်းစား အချိုပွဲစားပြီးတော့ ပန်းဦးတောင်ရွာအထွက်က နေဝင်တောင်ပေါ်စေတီနဲ့ ရှမ်းစော်ဘွားမင်းသမီးလေးစောမွန်လှပုန်းတဲ့ဂူကို သွားခဲ့ပါတယ်...


နေဝင်တောင်ပေါ်က ကြည့်ရင် တောင်တန်းတွေကြားက ရွာတွေအပြင် ရွာတွေကို ရေပေးနေတဲ့ ဆင်လမ်းဆည်ကြီးကိုလည်း တွေ့ရပါတယ်... စောမွန်လှဂူကို ဝင်ချင်ပင်မဲ့ မိုးရွာထားတော့ ချုံထူပြီး မြေကြီးတွေကပ်နေလို့ မဝင်ခဲ့ပါဘူး...


အပြန်လမ်းခရီး ************ အပြန်ခရီးကျတော့ အလာလမ်းအတိုင်းမပြန်ဘဲ ဆင်လမ်းရွာဘက်က ပတ်ပြန်ပါတယ်... သူကတော့ တပ်မတော်ဆေးရုံဘက်ကို လမ်းထွက်ပါတယ်....အပြန်လမ်းကတော့ ပဲပုတ်တွေစားပြီး အိပ်ချင်လာပါတယ်... ဆင်လမ်းရွာအဝင်မှာ မက်မန်းသီးတွေ စိမ့်ထားတဲ့ ဝိုင်စည်တွေတွေ့ပါတယ်... ဆင်လမ်းရွာကို ဖြတ်ပြီး ခဏလေးကြာတော့ မေမြို့ထဲကို ပြန်ဝင်လာပါပြီ....

ကားနဲ့ အပြီးအစီးသွားတာ ၃နာရီလောက်ကြာပါတယ်... ခရီးစဉ်တစ်ခုလုံးကို တစ်ဦးဆို နေ့လည်စာအပါ ၂သောင်းအပြီးအစီးလောက်ပဲကျပါတယ်....

ပင်ပန်းလားဆိုတော့ နည်းနည်းပင်ပန်းပါတယ်... ဒါတောင် အချိန်သိပ်မရလို့ ကားနဲ့သွားလို့ပါ... trekking တို့ rough biking ဆိုရင် ပိုပြီး adventure ဆန်ပါတယ်...

မေမြို့ကနေ သွားလို့ရတဲ့ စျေးလည်း သိပ်မကြီးတဲ့ road trip လေးတစ်ခုပါ...

မေမြို့မှာ သွားဖို့ နေရာတွေထပ်ပြီး လည်စရာမရှိတော့ဘူးဆိုရင် ဒီလို road trip လေးတွေ ရှိလာတော့ ပိုကောင်းပါတယ်...

14 views1 comment
bottom of page