ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

Updated: Jun 20

ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)


အခန်း(၁)


ပတ်စပိုစ်

ဌာနဆိုင်ရာမှာ တာဝန်ထမ်းစဥ်က ပတ်စပိုစ်လုပ်ရတာမခက်။ ဆိုင်တစ်ဆိုင်မှာ သတ်မှတ်အရွယ် ဓာတ်ပုံလေး ရိုက်၊ ပုံစံဖြည့်၊ သွားခါနီး စာအုပ် အစိမ်းလေး ကအသင့်။

ပင်စင်ယူပြီးခါစ အသိမိတ်ဆွေ တွေ အကူအညီ နဲ့ ပြောဆိုပေးတော့ ပတ်စပို့စ်ရုံးမှာ ဓာတ်ပုံလေးတော့ဝင်ရိုက်ပေးပါဆို၊လူအုပ်ကြားထဲကျော်ပြီးရိုက်၊ လမ်းကြောင်းပြဖို့တော့ ပွဲစားကို အကူအညီတောင်းရသည်ပေါ့။လူတွေ ရှုတ်နေတဲ့ကြားထဲ ဘယ်အခန်းဝင်လို့ ဘယ်သွားရမှန်းမှမသိတာ။

လွန်ခဲ့ တဲ့ ၃လ က မိန်းမ Passport ရန်ကုန်မှာ သက်တမ်းတိုးဖို့ သွားတာ ပြည်ပ အလုပ်သွားလုပ်မည့် လူအုပ်ကြီးတွေ အစုလိုက်နဲ့ အတူ တိုးဝင်တန်းစီရမယ် တစ်နေကုန် တိုးနေရမည် ဆိုတော့ မလုပ်ဖြစ်ဘဲ ပြန်လာခဲ့သည်။

Online စနစ် နဲ့ လုပ်တော့မယ်ဆိုတော့ မြေးလေး အတွက် ပတ်စပိုစ် လုပ်ဖို့ ကြိုးစားကြည့်သည်။ရန်ကုန်မှာ တစ်လနဲ့ ရက်ချိန်းရဖို့ မသေချာ ဆိုတာနဲ့ ရန်ကုန်ကနေ နယ်ကို အိမ်ထောင်စု ဇယားပြောင်း၊ ပြီးနယ်မှာ ဘဲ လုပ်ဖြစ်သည်။

လုပ်ငန်းစဥ်က ပထမ အကြိမ်သွား၊ ရက်ချိန်းယူ၊ ရတဲလရက်ချိန်းနေ့မှာ နံက်စောစောသွား၊ ဂိတ်က လုံခြုံရေးဝင်ခွင့်တောင်း၊ ပုံစံဖြည့်၊ စောင့်၊ ဝင်းအပြင်မထွက်ရ၊ပူလောင်အိုက်စပ်မှုများခံစားပြီးနောက် နေ့လည်ပိုင်း မှာ ဓာတ်ပုံရိုက်ဖို့ ဝင်၊ ဓာတ်ပုံရိုက်ဖို့ စောင့် ရတာ အကြာဆုံးဖြစ်သည်။ နှစ်ခန်းဘဲရှိသည်။ပြီးရင် နှစ်ပတ်စောင့်။ရပြီ ဆို သွားယူ။ ၃ခေါက်။

အလုပ်လုပ်နေတဲ့ အနေအထားကြည့်လိုက်တာနဲ့ မဗေဒါ ရေခပ်သလို ဒါမှ မဟုတ် Bottle neck တွေ များရတဲ့ အထဲ ခေါက်ပြန်သွားနေရတာကရှိနေသည်။ Process ကိုပြင် လမ်းညွှန်ဆိုင်းဘုတ်တွေ နဲ့ ပြည်သူတွေ သက်တောင့်သက်သာ အဆင်ပြေ ချောမွေ့ အောင် လုပ်ပေးနိုင်ရင်ရသည် လို့မြင်မိသည်။

သာမာန်လူအနေ နဲ့ ဒိထက်မြန်ပြီး လူသက်သာအောင် လုပ်တဲ့ နည်းတွေ လဲ မြင်လာသိလာသည်။


Cartoon Credit. . .

ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)

အခန်း(၂)

ထိုင်းနိုင်ငံဝင်ခွင့်

အရင်ဆုံး လေယာဥ် လက်မှတ်ဝယ် ဖို့ လေ့လာရသည်...

မန်းလေး ကသွားရင် ရန်ကုန် သွားစရိတ် သက်သာပေမည့် ဇွန် လဆန်းမှာ ထိုင်းသွားမည့်လေယာဥ် ကမသေချာသေးတာရယ်၊ မြေး ကလည်း ရန်ကုန်က လိုက်မယ်ဆိုတော့ ရန်ကုန်ကတစ်ဆင့်သွား ရသည်။

Thai Smile က အသွား တစ်ကြောင်း၈၀ ဒေါ်လာ၊ အသွားအပြန် ဆို ၁၅၀ ဒေါ်လာ ဆိုတော့ မဆိုးလှ။ သို့သော် လက်မှတ်ရဖို့ ခက်သည်၊ Booking နဲ့ ပြည့်နေသည်ဟုဆိုသည်။ MNA မြန်မာ နေရှင်နယ် အဲလိုင်း က အသွားအပြန် ဒေါ်လာ ၃၄၀ ၊ ခလေး ကို ဒေါ်လာ၂၈၄(အသွားအပြန်)ပေးရသည်။တစ်ဒေါ်လာ ၂၁၀၀ ကျပ် ဖြင့်ရှင်းပေးရသည်။ MAI ကလေယာဥ်ခ အနည်းငယ်သက်သာသည်။

လေယာဥ်လက်မှတ်ရတော့ Thai Pass လုပ်ရပြန်သည်၊ မြန်မာပြည်မှာလုပ်လျှင် သွားလုပ်ပေးသူကို ပြုလုပ်ပေးခနှစ်သောင်း ပေးရသည်။ထိုင်း မှ လုပ်ပေး၍ မပေးရ။၆လ အတွင်း ကိုဗစ် ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်၊ (နိုထရီ ဖတ်ရသည်)၊ Passport ကို ဗိုက်ဗာ ဖြင့်ပို့ရသည်။

အရင်ကမရှိတဲ့ ကျန်းမာရေးအာမခံ က ထိုင်းသံရုံးမှာ ဝယ်ရသည်။ လက်မှတ် အရောင်း ဌာနက လုပ်ပေးသည်။နှစ်ပတ်စာ ၅၂ဒေါ်လာပတ်ဝန်းကျင်ပေးရသည်။ ဒေါ်လာ ၅၀၀၀၀ထက် မပိုသော ကုသစရိတ်ရမည်ဆိုသည်။နှစ်ပတ်ထက် ပိုနေရင်တော့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ရသည်။

PassPort. ကိုဗစ် ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်(မြန်မာကိုဗစ်ကာကွယ်ဆေးလက်မှတ်က အင်တာနေရှင်နယ် မဖြစ်သေးတော့ နိုထရီဖတ်ရသည်)၊ ဆေးအမာခံ ဖြင့်အတူတွဲ တင်ရသည်။ သီးခြားငွေပေးရန်မလို။

ကာကွယ်ဆေး မထိုးရင်တော့ 72နာရီ အတွင်း PCR test လက်မှတ်ပြရသည်။ ကာကွယ်ဆေးမထိုးရင် လုပ်ရ ကိုင်ရ ရှုတ်သည်။

Ref.

Foreign nationals arriving in Thailand by air and by land from 1 June 2022 are required to register on Thailand Pass with details, as follows

1. Fully Vaccinated Persons must :

  • Register on Thailand Pass

  • Attach passport and certificate of vaccination

  • Attach proof of insurance with at least 10,000 USD coverage for medical treatments in Thailand (COVID-19 test, both prior to and after arriving in Thailand, is no longer required)

2. Unvaccinated / Not Fully Vaccinated Persons must :

  • Register on Thailand Pass

  • Attach passport and COVID-19 RT-PCR / Professional ATK (NOT self-ATK) test result issued within 72 hours before traveling (must attach on Thailand Pass only)

  • Attach proof of insurance with at least 10,000 USD coverage for medical treatments in Thailand.



ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)

အခန်း(၃)

ထိုင်းတွင်ဆေးကုသရခြင်းဘာကြောင့် လုပ်ရလဲ စိတ်ခံစားမှုရေးပါမယ်။

ပြည်မြို့တွင် တာဝန်ထမ်းစဥ်က လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်ပေါ့၊ သမီးငယ် ကိုယ်ပူဖျား၍ ဖွင့်ခါစ ပုဂ္ဂလိကဆေးရုံသွားတင်သည်။ ဆေးရုံတင်ပြီးဆရာဝန်လဲမလာ၊ နတ်စ်ကအပူချိန်တိုင်း၊ ခလေးကိုယ်ပူကလဲမကျ၊ ညနေ ကျတော့ Bill ရောက်လာသည်။ Special နတ်စ်ခ ဘယ်လောက်၊ အဲကွန်းခ က ဘယ်လောက် ၊ စမ်းသပ်ခ၊ အခန်းခ၊ သောင်းကျော်သည်။ဆေးက ထိထိရောက်ရောက်မကုသေး၊စိတ်တိုပြီး ငွေပေးစရာပေးပြီး ဆေးရုံက ချက်ခြင်းဆင်း၊ ကုနေကျ အပြင်ဆေးခန်းက ခလေးဆရာဝန်မ အဖွားကြီး နောက်နေ့ပြန်ရောက်လာသွားပြတော့ ၆၀၀ ကျပ်ဘဲ ကုန်သည်။ သက်သာသွားသည်။

နောက်တစ်ခါ မိန်းမ အသံဝင်နေလို့ ဆေးခန်းပြသည်၊ လည်ချောင်းက ရှခင်လေးမှာ အသီးလေးဖြစ်နေလို့ ခွဲစိတ်ပါရဂူက ခွဲရမည်ဆိုသည်။ ဒီလောက်အရေပြားပါးပါးလေးခွဲ ဖို့ သိပ်စိတ်မချရ။ခွဲ တာ လက်မခံဘဲ ထိုင်းက ဆေးရုံးသွားပြသည်။ ဆရာဝန်ကြီးကသေသေချာချာဓာတ်မှန်ကြည့်ပြီး မြန်မာ ဆရာဝန်တော်တယ်၊ ဒီလောက်သေးသေးလေးကိုမြင်ရတယ်။ ဆေးသောက်ရင် ပျောက်ပါတယ် ဆိုပြီး စားဆေးလေးပေးလိုက်သည်။

အခြားရောဂါများဖြင့် ထိုင်းမှာသွားပြ ဘူးသည်။

ဆေးစစ် အဖြေ များရပြီးသည်နှင့် ပါရဂူကြီးများ စုပေါင်း တိုင်ပင်ပြီး မှ မည်သို့ ကုသင့်သည်ကို ဆုံးဖြတ် ကုသည်။လူနာကိုလဲ အသေအချာ Slide နဲ့ ကွန်ပြူတာနဲ့ ရှင်းပြသည်။CD ချပ်ပါပေးသည်။

လွန်ခဲ့ တဲ့ ၁၀နှစ်ခန့်က

နေပြည်တော်မှာ တွင် တာဝန်ထမ်းစဥ်က အဆုတ်ထဲ ရေဝင်၍ ဖျားဘူးသည်။ ပထမ စစ်သားဟောင်းဆိုတော့ အပြင်ဆရာဝန် က ငှက်ဖျားဆို ဆေးပေးသည်။ မပျောက်။ နောက်ဆုံး ခင်သည့် ကုတင် ၁၀၀၀ က ဆရာဝန်မ (ယခု ဆို ပါရဂူတောင် ဖြစ်လောက်ပြီ)နဲ့ ပြတော့ အဆုတ်ထဲ ရေဝင်တာ၊ သူကုပေးမည် ဆေးရုံတက်ပါပြော၍ ဆေးရုံရောက်တော့ လူနာဆောင်မှာ ခွေးတွေက ဟိုပြေးသည်ပြေး၊ လူနာစောင့်တွေ က လျှေက်လမ်းမှာရော ကုတင်ဘေးမှာပါ တုံးလုံပက်လက် ပြည့်ကြပ်နေတာနဲ့ ရန်ကုန် ပုဂ္ဂလိက ဆေးရုံကြီးဆီပြေးရသည်။ မိတ်ဆွေ ဆရာဝန်ကြီးများ စီစဥ်ပေးမှုအရ ကုသမှု အဆင်ပြေပါသည်။ ဘာကြောင့်မှန်းမသိ နောက်ထပ် ပါရဂူတစ်ယောက်က လာကြည့်မည် ဆို၍ နတ်စ်မက ကျွန်တော့ ကြောဘက် လှန်ပြီး ဆရာ အလာစောင့် သည်။လာပြီးစမ်းသပ်ရင်း ဆရာမ က ပါရဂူ ဘယ်သူ နဲ့ကြည့်နေတဲ့ လူနာပါလို့ ပြောလိုက်တော့ စမ်းသပ်နေရာမှ မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။ ကိုယ့်မှာတော့ လှန်လျက် ကျန်ခဲ့သည်။ပါရဂူနှစ်ယောက် က မတည့်ဟု နောက်မှ သိရသည်။

နောက်တစ်ခါကတော့ ကိုဗစ် မတိုင်မီလေး။ မိန်မ ခြေထောက် ကသွေးကြောထုံး နေတာပေါက်သွားလို့ ည တော်တော်နက်မှ သွေးထွက်များလို့ သမီးရှိတဲ့ ဆေးရုံအပြေးသွားတယ်၊ချုပ်ဖို့ ချည် လို တာ၊ ရှိတဲ့ ခွဲစိတ် Wards က ကပ်ပြီးမပေးတာနဲ့ အပြင်ဆေးရုံ...ကွယ်ကပေါလား. . . အဲဒီ မှာ သွားဝယ်ပြီးမှ ချုပ်ရတယ်။

မကောင်းတဲ့ ဘက်ကရေးလို့ ကောင်းတာရောမရှိဘူးလားဆိုတော့ အခု နောက်ပိုင်း ဆရာဝန်ကောင်းတွေ တွေ့လာရပါတယ်။ အရင်က တကယ် အစွမ်းထက်တဲ့ ဆရာဝန်ကြီးတွေလဲရှိပါသည်။လူနာကို အထူးဂရုစိုက်ပြီး ပညာပြည့်တဲ့ ဆရာဝန်တွေ။သို့သော် ဆရာဝန်နာမည်ကြီးသည်နှင့်အမျှ ည တစ်နာရီ အထိ လူနာက အပြည့်။

အခုကတော့ စမ်းသပ်စက်တွေ လဲ ကောင်းလာပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကဆေးရုံ၊စစ်ဆေးရုံတွေမှာ စက်သစ်တွေဖြည့်သည်။ဆရာဝန်ငယ်လေးတွေလဲ တက်ကြွသည်။

သို့သော် စိတ်ကလှန့်နေသေးသည်။

ဒီတစ်ခါ ထိုင်းဆေးသွားကုမှာက သွေးကြောထုံးတာသွားကုမှာ။

ဆေးကု ခရီးသွားဖို့ အကြောင်းလေးရေးနေတယ်လို့ ပြောလို့ သူငယ်ချင်းတစ်ယောက်က သူုအတွေ့အကြုံပြောပြသည်။မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၃နှစ်လောက်က ဆေးရုံသစ် ကြီးတစ်ခုမှာ ဆေးစစ် ဖို့ ရက်ချိန်းရတော့ သွားသည်။ဆေးရုံ ရောက်တာနဲ့ သူနာပြု ဆရာမ လေး ကစာရွက်စာတမ်းတွေ ဖြည့် တစ်နေရာပြီး တစ်နေရာခေါ်သွား၊ အစီအစဥ်တကျ၊ နေရာတစ်ခုရောက်တာနဲလ ဆေးစစ်ပေးမည့် တာဝန် ခံ က အသင့်။

ခုနှစ်ပိုင်း ကြုံ လို့ သွားထပ်စစ်တော့ ကိုယ့်ဖာသာ သွားရ။ ဟို နေရာ ထိုင်စောင့်ရ ဒီနေရာထိုင်စောင့် ရနဲ့ ၊ အသင့်မဖြစ်၊ စကားတောင်များခဲ့ရသည်ဆိုသည်။ ဆေးရုံ မှ မဟုတ်။အလုပ်ခွင် တိုင်းမှာ ဒီလို ဘဲ ဖြစ်တတ်သည်။ကြီးကြပ်မှု အားနည်းသည် ဘဲ ဆို မလား၊ကြီးကြပ်လို့ မရတာဘဲလား၊ ပညာ ရှင်ကြီးတွေ ပြောတဲ့ စကားနဲ့ ပြောရရင် Mind Set ချိန် မှရမည်ပေါ့။

ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)

အခန်း(၄)

ထိုင်းဆေးရုံ များကို မြန်မာပြည်မှ စုံစမ်းခြင်း

ကိုဗစ်ကာလ မတိုင်ခင်ကတော့ မြန်မာပြည်ကိုယ်စားလှယ်ရုံးမှာ စုံးစမ်းတာနဲ့ ကုသမှုကုန်ကျစရိတ်၊ ဘယ်ဆရာဝန်ကြီးကကုမည်၊ ဘာတွေ ဆောင်ရန် ရှောင်ရန် က အစ

ဒီက မြန်မာရှိ ကိုယ်စားလှယ်ဆရာဝန်က ပြောပြီးဖြစ်သည်။ခု နှစ်နှစ်ကျော်ကြာလမ်းကြောင်းတွေ ပြန်ပွင့်လာတော့ ကုနေကြဆေးရုံ ကိုယ်စားလှယ်ကို မေးသည်။ ချက်ခြင်းမဖြေ။ ပြန်ဆက်သွယ်မည်ပြောပြီး ပြန်မလာတော့။ ဒါနဲ့ ဒီရောဂါထိုင်းသွားကုဖူးတဲ့ ဆန်ဖရန်စားသောက်ဆိုင် ပိုင်ရှင်မေး၊ ဟို စုံစမ်း ဒီစုံးစမ်းနဲ့ ဆေးရုံတစ်ခုက ဆက်သွယ် စုံစမ်းရင်းအကြောင်းပြန်လာတာနဲ့ အဆင်ပြေသည်။ ခရီးသွား စဖွင့်စမို့ မြန်မာပြည်ကိုယ်စားလှယ်တွေအသင့်ဖြစ်ပုံမရ။

ခရီးမစမီ E. Mail ဖြင့် ဆက်သွယ်ထားသည့် ဆေးရုံ မှ ဆရာဝန်ဖြင့်တွေ့ဆုံမည့် အစီအစဥ်၊လေဆိပ် ကြို မည့်အစီအစဥ်၊ လေဆိပ်မှာဆုံရပ်၊ ပို့ပေးသည်။ ကားခ ဘတ် ၇၀၀ ကို ငွေသားပေးရန် ဖြစ်သည်။ ၅ဦးစီးမှာ ဆိုတော့ တစ်ဦး ဘတ် ၁၄၀ (မြန်မာငွေ ၈၅၀၀ကျပ်) ကျော်ကျော် ကျသည်။ နည်းနည်းများပေမည့် ဝန်စည်စလဲတွေ ပါတော့ ခရီးသွားလဲ အဆင်ပြေ၊ သူတို့ လဲ ဝင်ငွေရသည်။

တကယ်လုပ် မလုပ်၊ ဝန်ဆောင်မှုကောင်းမကောင်းရောက်မှကြည့်ရမည်။





ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)

အခန်း(၅)

ငွေကိစ္စ

ဗဟိုဘဏ် က ဒေါ်လာ ကိုင်ခွင့်မရှိသူမကိုင်ရ လို့ နားလည်သည်။ ဦးဦးတစ်ဒေါ်လာ ၁၈၅၀ကျပ် သတ်မှတ်၊ ထိုင်းရောက်ရင် ဘယ်လို လုပ်ရပါ့၊ ခေါင်းတော်တော်စားသည်။ အရင်ကရန်ကုန်က ငွေလဲ ကောင်တာ မှ လဲလိုက် အဆင်ပြေသည်။ မြန်မာပြည်မှာ သုံးမည့်ဒေါ်လာ ဆိုအစွန်းသေးသေးလေးပင် ပါမရ။ခုနှစ် သတ်မှတ်ချက်ကလဲရှိသေးသည်။ စာအိပ်လေးနဲ့ ရိုရိုသေသေထည့်ရသည်။ထိုင်း၊ ကမ္ဘော ဒီးယားမှာ ဒေါ်လာ ကြေနေလဲရသည်။

ထိုင်းမှာရှိတဲ့ သူကို လွဲ ဖို့ ဟွန်ဒီငွေလွှဲရှိသည်။ လေထဲက ဆိုတော့ အကုန် လိမ်သွားမှ ပြသနာ။

ဟိုမေးဒီမေးနဲ့ မိတ်ဆွေ တစ်ယောက် က သူ ထိုင်းဘဏ်မှာ ငွေ ရှိတယ်။ လိုသလောက်ပြောဆိုတာနဲ့ အားနာပါးနားပြောလိုက်သည်။ ထိုင်းမှာရှိတဲ့ သမီး ဘဏ် အကောင့် ထဲ ထည့်ပေးသည်။ဆေးကုခ ခန့်မှန်းက မနည်းတော့ ကျန်တဲ့ ငွေ ဘယ်လို လုပ်ရပါ့။ (ထိုင်းဘဏ်အကြောင်း ဟိုရောက်မှလေ့လာပြီး ရေးမည်။)

ဒါနဲ့ ပြည်တွင်း Money Changer တစ်ခု က ရပါတယ် ဆိုတာနဲ့ လဲ လိုက်သည်။ကြိုက်တဲ့ငွေလာ လဲ ရပါသည်တဲ့။ ဒေါ်လာ ပေါက်စျေးက ၂၀၇၃ ကျပ်၊ ရန်ကုန်မှာ ၂၀၅၀ကျပ်(၃၀မေ၂၀၂၂)ဖြစ်သည်။ဒေါ်လာ ကို ပက်ကင် လိုက် အသစ်ရသည်။

လေဆိပ်မှာ ရစ်မလား စိုးရိမ်မိသည်။


ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)

အခန်း(၆)

ပြည်တွင်းလေယာဥ်ပျံ

နံက်စောစော ထွက်လျှင် ကတိုက်ကရိုက်ဖြစ်မည်စိုး၍ ညနေ ပိုင်းလေယာဥ်ပျံရွေးသည်။ မန္တလေးလေဆိပ်အဝင်လမ်းမှာဆိုင်ဘုတ်တွေ လဲ ကြေငြာသူမဲ့နေသေးသည်။

လေဆိပ်ရောက်တော့ ဝန်ထမ်းတစ်ယောက်က လှည်းဖြင့်လာ၍ ပစ္စည်းကူတင်ပေးသည်။အရင်က အလု အယက် လာတိုးပစ္စည်း လာသယ်ကြလျှင် လက်မခံဘဲ ကိုယ့်ဖာသာ လှည်း ယူ တွန်းသည်။

ခုက အလှည့်ကျ လာတော့ ကူညီတာကို အသာတကြည်လက်ခံနေ လိုက်သည်။ စောင့်ဆိုင်းခန်း အရောက် နှစ်ထောင်လောက်ဘဲ တောင်းသော်လဲ ပိုပေးလိုက်သည်။

Boarding Pass လဲရာတွင် မှတ်ပုံတင်နှင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းပြရသည်။ ကိုဗစ် ကာကွယ်ဆေးထိုးထားလျှင် နှာခေါင်း ထိုးစရာ မလိုတော့ ၍ တော်သေးသည်။ လေယာဥ် ကလဲ အချိန်မှန်သည်။

မန်းလေးတွင် ယခု အထိတော့ နိုင်ငံတကာလေယာဥ်များ မဆင်းသေး။ ရန်ကုန်ရောက်ခါနီး လေထု မငြိမ်မသက် ဖြစ်နိုင်သည် ဟု လေယာဥ်မှူးကြီး ဦးဇော်ဇော်ထိုက် မှ ပြော၍ စာရေးတာ ခဏ ရပ် ရမည်။ မိုးတွင်းသွားလျှင်လေယာဥ်ကြီး နဲ့ သွားတာ ပို ငြိမ်သည်။ အမြင့်ပေ ၁၇၀၀၀ကျော်၊ ရေခဲ မှတ်အောက် -1*C မှာတစ်နာရီ ၂၆၀ မိုင် နှုန်းမောင်းနေသည်။ ရန်ကုန်ရောက်ခါနီး တိမ်တွေ ထူလာသည်။

ရန်ကုန်လေယာဥ်ကွင်းမှာတော့ မြန်မာ့ လေကြောင်းလိုင်းတွေ အပြိုင်အဆိုင်ရော ပူးပေါင်းပြီးတော့ရော လှုပ်ရှားစပြုလာသည်။ ပြည်ပ လေယာဥ်တွေတော့ မတွေ့ရသေး။

မြန်မာပြည်ရဲ့ ထုံးစံ အတိုင်း လေယာဥ်ပေါ်က ဆင်းလာတဲ့ ခရီးဆောင်သေတ္တာတွေLauggage Claim က ပစ္စည်းရွေးပြီး လေဆိပ်အပြင်ထွက်ခါနီး Scanner စက်ထဲ ထပ်ဖြတ်ခိုင်းနေပြန်သည်။ မန်းလေးမှာတုံးကလဲ ၂ခါစစ်ပြီး သော့ မှာ Security တိတ်နဲ့ ပိတ်ပြီးဖြစ်သည်။လူနဲ့ အတူပါလာတဲ့ Hand Carry ကျ မစစ်ပြန်။ဘာကြောင့် စစ်တာလဲ စဥ်းစားသည်။ ဉာဏ်မမီ။ အချစ်တင်မက မြန်မာပြည်တွင် နေရာတကာ စဥ်းစားမရနိုင်သောပုစ္ဆာ များစွာရှိသည်။





ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)

အခန်း(၈)


#ထိုင်းလေဆိပ်မှသည်

လေဆိပ် ဆိုက်တော့ ရာသီဥတု သာသာယာယာ၊ ရန်ကုန်ထက် 4*Cလောက် ပို ပူသည်။

ပထမဦးဆုံး လက်အုပ်လေးချီ နှုတ်ဆက်ကြသည်။Thai Pass ကို ကောင်တာမှာ အစစ်ဆေးခံရသည်။Arrival Card နဲ့ Passport ပါစစ်သည်။ကြာနေလို့ အဝင် တားထားတဲ့ မျဥ်းလိုင်းကြော၍ ရှေ့တိုးရင်းကျော် ကြည့်သည်။ သူနိုင်ငံမြေ သဘောထားပုံရသည်။ တံဆိပ်တုံးထုပြီး မှ မျဥ်းကျော်ရမည်ဆိုသည်။ တံဆိပ်ထုပြီးတော့ ဆက်ဝင်သွားသည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေးကောင်တာပါ။ ဓာတ်ပုံ မရိုက်ရပါ။ဘာလာလုပ်တာလဲ မေးသည်။ Facebook မှာ မေးတာ အဖြေမကြိုက်ရင် လေယာဥ်ပေါ်ပြန်တင်သည်၊ ထိုင်းဝင်ရတာ ဘာဖြစ်သည် ညာဖြစ်သည်နဲ့ ရေးကြတော့ ဆေးစစ် တာလို့ဖြေရင် သူတို့ ပို ကြိုက်မည်ထင်၍ ဆေးစစ် ဖို့ လို့ဖြေသည်။ ArrIval Card မှာ ဖြည့်ထားတာ Holiday လို့ ဘာလို့ ဖြည့်တာလဲ မေးသည်။ ကျွန်တော် ကတော့ Holiday ပါ။ မိန်းမ က Medical Check-Up ပါဆိုတော့ လေယာဥ် လက်မှတ်တောင်းကြည့်သည်။ (၁၄ ရက် ထဲ နေလျှင် ဗီဇာ ကင်းလွတ်ခွင့်ရသည်။) ထိုထက်ကျော်ရင်တော့ ဗီဇာ သီးသန့် လျှောက်ရသည်။စာရွက်စာတမ်းတွေ အားလုံး ပလပ်စတစ် ဖိုင် ထဲ ထည့် ထားတာကောင်းသည်။ အချက်အလက်တွေ စစ်တဲ့ နေရာများတော့ ဟိုထည့် ဒီထည့် အခြားစာရွက် တွေ နဲ့ ရောတတ်သည်။ အရေးဆို ရှာရ ခက်တတ်သည်။ လဝက ကပြန်ပေးသည့် Depearture Card ကိုသိမ်းထားရသည်။ စာရွက်ပိုင်းလေး ပြန်လျှင် ပြရသည်။ ပျောက်လျှင် ဘတ် ၁၀၀၀ ဒဏ်ရိုက်သည်ဆို၏။ အရင် အခေါက်တွေက တော့ အမှတ်တမဲ့ ပါဘဲ။ လဝက Pass ဖြစ်တော့ Baggage Claim မှာ အိပ်များရွေးသည်။ Label တွေ ချိတ်ထားတော့ ရှာ ရလွယ်သည်။

ထိုင်းလေဆိပ် က တစ်နာရီအတွင်းမှာ လေယာဥ် ၁၀ စင်းလောက် ဆင်းနေပြီဖြစ်သည်။

ရန်ကုန် လေဆိပ် လို တော့ ခြောက်ကပ်မနေတော့။

2nd Floor ဂိတ်၅ ရောက်တော့ လာကြိုသည့် သမီးကိုတွေ့သည်။မြေးမှာ အမေ ကိုတွေ့တွေ့ချင်း အထိမခံ။မသိသလို အချီမခံ။ သွေးရင်းသားရင် အမေ နဲ့ သားတောင် အနေဝေးတော့ နည်းနည်းတော့စိမ်းသည်။

လာကြိုသည့် ကို အောင် မင်းဖြင့်တွေ့သည်။ ကားခေါ်လိုက်မယ်၊ ခေတ္တစောင့် ဖို့ ပြောသည်။ရှေ့က ဆေးကုဖို့ လာတဲ့ မြန်မာတစ်ဖွဲ့ ကားတစ်စီးနဲ့ အရင်ပါသွားသည်။ဆေးကုလာတဲ့ မြန်မာတွေ များသည်။

စောင့်နေတုံး ဖုံးကတ် ဝယ်ရသည်။ တိုးရစ်ကတ် ၂၉၉ဘတ် (၁၈၀၀၀ကျပ်) ပေးရသည်။၁၆ရက်အတွက် ၁၅GB ရသည်။ ဖုံးထက် အင်တာနက်သာ အသုံးများလာကြသည်။

ကြိုမည့် ကားရောက်လာသည်။ ကြိုပြီး E. Mail နဲ့ ပို့ထားသော တိုယိုတာ . Majesty အသစ်ဘဲ ဖြစ်သည်။ ကားက အပြင်က ကြည့်တော့ ကြီးသည် ထင်ရသည်။ အထဲမှာ လူ ၅ယောက်၊ မောင်းသူနဲ့ ၆ ယောက်ဘဲ ဆန့်သည်။

တည်းမည့် ဟိုတယ်အထိ အရောက်ပို့ပေးသည်။(ဟိုတယ်တွေမှာ ဝတ်လည်တဲ့ အကြောင်းတွေ ပေါင်းပြီးမှ ရေးတော့မည်)

ဟိုတယ်သို့ မိနစ်၃၀ လောက်မောင်းရသည်။ လမ်းဘေးမှာ ကိုယ့်နိုင်ငံလိုဘဲ ဆိုင်းဘုတ်တွေ ဗလာဖြစ်နေသေးသည်။ ကိုဗစ်ကြောင့် စီးပွါးရေးနလံ ထအောင် ကြိုးစားဆဲဖြစ်မည်။

သို့သော် ထိုင်းနိုင်ငံသားများသည် လက်အုပ်ကလေးချီပြီး အမြဲ ဆဝါဒီ ခ(မဂ်လာပါ) ခွန်ပေါင်းခပ်(ကျေးဇူးတင်ပါတယ် ) စသဖြင့် ဧည့်သည် ကို ပြုံးပြုံးရွှင်ရွှင် ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်ကြသည်။ ကားကူလျှင်လဲ ခေါင်းလေးညွတ်ပြလျှင် လမ်းကူးရန်ရပ်ပေးသည်။ယဥ်ကျေးကြသည်။

ဧည့်သည်ကို ယဥ်ကျေးစွာ ပြောဆို ဆက်ဆံခြင်းသည် သူ့နိုင်ငံ၏ စီးပွါးရေးတိုးတက် ဖို့ လုပ်ဆောင်ခြင်းဖြစ်သည်၊ သူတို့ နိုင်ငံ တိုးတက် အောင် အားလုံး ပြန်ကြိုးစားရမည်လို့ ယုံကြည် လက်ခံ ထားပုံရသည်။





ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)


အခန်း(၉)

ဆေးရုံငွေကြေးအတော်အတန်ရှိသော မြန်မာအချို့သည် ထိုင်းတွင် ဆေးကုကြသည်။ အလားတူ အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံများ၊ယခု ဘဂ်လားဒေ်ရှ်နှင့် အန္ဒိယပါတွေ့ရသည်။ အဂ်လန်မှ အချို့လဲ ဆေးကုစရိတ် အဂ်လန်ထက် သက်သာ၍ ထိုင်းဆေးရုံများကိုလာကြသည်။


ထိုင်းနိုင်ငံသည် Medical Tourism ကို အားပေးသည့် နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံတကာ အဆင့်မီဆေးရုံ များ ဘန်ကောက်တွင် ပင် ၂၅ လုံးကျော်ရှိသည်။


မြန်မာတို့ နှင့် ရင်းနှီသော ဆေးရုံ များမှာ-

ဘာရွန်ဂရက်ဆေးရုံ Bumrungrad-တစ်နှစ် နိုင်ငံတကာ မှ လူ၅သိန်းနှစ်သောင်းကျော်လာပြသည်။ ဝန်ဆောင်မှုကောင်းသလို စျေးအနည်းငယ်မြင့်သည်။ အထွေထွေရောဂါ၊ နာတာရှည်ရောဂါအတော်များများကုနိုင်သည့် Specialist များရှိသည်။အထူးသဖြင့် အာရပ်နိုင်ငံက သူဌေးများလာကုလေ့ရှိသည်။

ဘန်ကောက်ဆေးရုံ Bangkok Hospital မှာ ပထမ ဆုံး နိုင်ငံတကာ အဆင့် ဖွင့်သောကိုယ်ပိုင် ဆေးရုံဖြစ်ပြီး ၁၉၇၂ မှာ စဖွင့်သည်။ နှလုံး၊ခွဲစိတ် နှင့် ကင်ဆာ နာဗ်ကြောကုနာမည် ရသည်။ ခလေးကု သီသန့်မရှိ။စျေးသင့်သည် ဟုဆိုရမည်။

ဆစ်မစ်တဝေးဆေးရုံ Samitivej Sukhumvit Hospital- မှာ အရိုးအဆစ် အထူးသဖြင့် ဒူးခွဲစိတ်မှု နာမည်ရှိသည်။ ခလေး အထူးကု များရှိသည်။ Bangkok Dusit Medical Services (BDMS) အုပ်စု ကပိုင်ဆိုင်သော ဆေးရုံ ၇ရုံမှ တစ်ခုဖြစ်သည်။


ယန် ဟီ ဆေးရုံ Yanhee Hospital ကတော့ မျက်နှာ အလှပြင် ရင်သားအလှပြင် နာမည်ရှိသည်။၁၉၈၄မှာ စတည်ထောင်သည်။


ဆေးကုသစရိတ်များသည် ယခင် ကိုဗစ် မဖြစ်မီကထက်တော့များလာသည်။


မြန်မာ ဆေးကုလာသူတိုင်း ရင်းနှီးမှုရလျှင်ရောဂါအကြောင်းမေးကြည့်မိသည်။ကြားသမျှ ဖြစ်ရသည့် အကြောင်းများမှာ ကိုယ်လက်လှုပ်ရှားမှုနည်း ၍ အကြော အရိုး အဝလွန် လေးဘက်နာ၊ ဒူနာရောဂါ၊ အစားအသောက် မကောင်း၍ ကင်ဆာ၊ အစာအိမ် နှင့် အူလမ်းကြောင်းရောဂါ တွေ နဲ့ ပိုက်ဆံတတ် နိုင်သူများကတော့ ဆေးစစ် နဲ့ လူကြီရောဂါ များဖြစ်သည်။အချို့ နေ့စဥ်စားသောဆေးများမှားနေ၍ မဖြစ်သင့်သောရောဂါများဖြစ်သည်ဟုဆိုသည်။



ငယ်စဥ်ထဲ က ကိုယ်လက်လှုပ်ရှား၊ ကျန်မာရေးလိုက်စား၊ ဓာတု ဆိုးဆေး၊ ပိုသတ်ဆေး၊ နဲ့ ဓာတု အဆိပ်သင့်စေသော ခြင်ဆေး၊ ယင်ဆေးနဲ့ မြေသြဇာ အလွန်အကျွံ့သုံးသောအစားအစာတွေ၊ အပြင် ပတ်ဝန်းကျင်မသန့်ရှင်းရာကလူတွေလဲ ရောဂါဖြစ်ကြသည်။


အရှေ့အလယ်ပိုင်းက အာရပ်တွေ လဲရောဂါလာကုကြသည်။သူတို့ကတော့ သက်တောင့်သက်သာနဲ့ Comfort Zone မှာအနေများ၊ အစားကောင်တွေ ဘဲစားတော့ ဇိမ်ကျလွန်းလို့ ဖြစ်တဲ့ရောဂါများဖြစ်မည်။


ထိုင်းက Medical Tourism နဲ့ ကို Tourism promotion တစ်ခု ဖြစ်နေသည်။

Bangkok Hospital ကို အခြေ ခံ ပြီးMedical Tourism ကို အဓိကထားလေ့လာ ရေးလိုက်ပါအုံးမည်။


ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)


အခန်း(၁၀)

ဟိုတယ် ဝတ်တွေ ခြာလည်ပတ်လည်အောင်လည်


ပထမ ဦးဆုံး Bangkok Hospital ဝင်းထဲ က CHIVA Hotel မှာတည်းသည်။ တစ်ည ဘတ် ၁၀၀၀ ဖြစ်သောလဲ ၂ည ဆက်ယူ၍ တစ်ည ၉၅၀ ဘတ်(၆၀၀၀၀ကျပ်လောက်)ပေးရသည်။ Breakfast စားလိုလျှင် နောက်ထပ် ဘတ် ၃၀၀ပေးရမည်။စားသောက်ခန်းမဖွင့်နိုင်သေး။ အပြင်ကမှာပေးမည်ထင်သည်။

ဆေးရုံဝင်း(Compound)ဆိုသော်လည်း ဆေးရုံ သာမဟုတ် ဟိုတယ်များ၊ Amari Residences ကြီးလိုမျိုးကနေ တန်ဘိုးနည်းရက်ရှည် အိမ်၊အိမ်ခန်းအငှား အထိ ရှိသည်။ရက်ရှည်ကုရမည့် သူများအဖို့ Residence မှာ ငှားနေကြသည်။ဒေသစုံမှစားသောက်ဆိုင်များ၊ 7/11 လို ကုန်စုံဆိုင်များ၊ လမ်းဘေးစျေးဆိုင်များ အစုံရှိသည်။ သူတို့အားလုံး ဆေးရုံကြီးကို အမှီပြုပြီးရပ်တည်နေကြသည်။ဆေးရုံကြီးကလည်း သူတို့ရှိမှ ပြည့်စုံမည်။(ကိုဗစ်ပြန်စခါစ မို့ လားမသိ အရင် လို ဆေးကုတာ မြန်မြန်မကုဘဲ ကြာကြာနေအောင် လူနာကြည့်ချိန် ရက်ချိန်းခွါပေးသည်။ )

ဟိုတယ်တိုင်းတွင် ဟိုတယ်မှ ဆေးရုံ အနီးတစ်ဝိုက် သို့ အခမဲ့ ပို့ပေးသည့် ဘာဂီ သို့ မဟုတ် တုတ် တုတ်များရှိသည်။ သွားချင် လျှင် Reception ပြော ပြီး လိုက်ပို့ခိုင်းရသည်။ ဆေးရုံမှ ဟိုတယ်သို့ ပြန်ကလဲ လာကြိုသည်။


ယခု ထိုင်း ဟို တယ်များတွင် ထူးခြားချက် ၄ခု တွေ့ရသည်။

၁။ လျှပ်စစ် ဓာတ်အားချွေတာသည်။

အလယ်လျှောက်လမ်းတွင် လေအေးပေးစက် မပေးတော့။ ဟိုတယ် တံခါးကတ် နှစ်ခု အစားတစ်ခုသာပေးသဖြင့် အခန်းပြင်ထွက် သော့ကတ်ဖြုတ်လျှင် အခန်းမီး အားလုံးပိတ်သွားသည်။

၂။ဝန်ထမ်းအင်အားလျော့ချထားသည်။

Reception က နှစ်ယောက်၊ သန့်ရှင်းရေး နှစ်ယောက်လောက်ဘဲရှိသည်။ ဖြစ်နိုင်သမျှ အနည်းဆုံးအင်အားထားသည်။တုတ်တုတ်မောင်းသူသည် ပစ္စည်း ကူသယ်ပေးသည် သူဖြစ်သည်။ Breakfast စား/မစား။ စားလိုလျှင် သီသန့် ငွေ ထပ်ပေးရသည်။ အရင်လို ဆပ်ပြာ ခဲတွေ မပါတော့။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် နှိပ်ဘူးနဲ့ နံရံကပ်ထားသည်။

(သွားတိုက်ဆေးတို့ သပွတ်တန်တို့ မပေး၊ အရင်ထဲ က ပြည်ပ က ဟိုတယ်ကြီးအချို့ ဘီးနဲ့ သွားတိုက်ဆေးမပေးလို့ အခက်အခဲဖြစ်ဘူးသည်။)

၃။ Barrier Free။

မြန်မာပြည်တွင် Barrier Free စဖို့ ပြောတုံးဖြစ်သောလည်း သူတို့ ဟိုတယ် မှာ အားလုံး ပြင်ဆင် လုပ်ထားသည်။ Wheel Chair နှစ်စီးအနည်းဆုံးရှိသည်။ အချို့နေရာများ နှလုံးခုံ Shock ရိုက်စက်များပါ အသင့် ချိတ်ထားသည်။

၄။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။

အာရုံစိုက် လမ်းညွန်လာသည်။ အမှိုက်ပုံးမှာ ပလပ် စတစ်အိပ် မစွတ်တော့၊ စက္ကူအညိုအိပ်တွေ သုံးလာသည်။ရေကို ပုလင်းဖြင့် ပြန်သုံးနေသည်။

၅။ ကိုဗစ်ကာကွယ်ရေး။

ဟိုတယ်ထဲ မှာသာမက မြို့ထဲ မှာပါ အားလုံ မတ်(Mask)တပ်သည်။ မတ် မတပ်လျှင် ဟိုတယ် က ဘတ် ၂၀၀၀ ဒဏ်ရိုက်မည် ဆိုသည်။ နေရာတိုင်း အလို အလျောက်ဖြန်းပေးသည့် ဆပ်ပြာရည်ဘူးရှိသည်။


ဆေးကုပြီး မြို့လယ် ဟိုတယ် သွားတည်မည်စိတ်ကူးထားသည်။ ဆေးရုံကရက်ချိန်းထပ်ပေးနေတာနဲ့ ဟိုတယ်မှာ ရက်တိုးဖို့ လုပ်သည်။ ဧည့်သည် မရှိဟုထင်၍ ခပ်ပေါ့ပေါ့ ပြောထားတာ ဧည့်သည်ပြည့်နေပြီ မရတော့ဘူး ဆိုသည်။Online ဘွတ်ကင်တွေ ဖွင့်ထားမိလို့ ဧည့်သည်တွေ ပြည့်သွားသည်ဟုဆိုသည်။ စျေးသင့်တဲ့ ဟိုတယ်မို့ နောက်နှစ်ရက်နေရင် လာပြန်တည်းမယ်ရမလားဆိုတော့ ကွန်ပြူတာကြည့်ပြီး ရမည်။ ဒိထက် အခန်းကျယ်မည်။ တစ်ည ၁၃၀၀ ဘတ်တဲ့။ သဘောပေါက် လိုက်သည်။စျေးဆိုတာက Demand နဲ့ Supply ပေါ်မူတည်နေသည်ကို။


ကိုယ်လဲ ခရီးသွားခေတ်ကောင်းစဥ်က Agoda တို့ Booking.com တို့ Online တွေ လဲ ဖွင့်၊ စျေးကောင်းပေးရင် အခန်းတွေရောင်းပစ်၊ ပိုက်ဆံကြိုမသွင်းဘဲလာတဲ့ Booking တွေ နဲ့ ပြသနာတက်၊ နောက်ဆုံး ရရာအခန်းအသစ်ခင်းရ၊ တောင်းပန်ရနဲ့။ တရုပ်နဲ့ ဆိုပိုဆိုးသည်။ သူကလဲ အဂ်လိပ်လိုမတပ်။ ကိုယ်ကလဲ တရုပ်လိုမရ။ ဘာသာပြန် Appနဲ့ ပြောရသည်။ခုကတော့ ပြည်ပခရီးသွားနေရင် မီးစက် ဆီ ဘိုးသက်သာသည် လို့ပြောရမလိုဖြစ်နေသည်။လိုက်လည်လို့လဲ ရသည်လို့ ဖြစ်ရမည်။ည


သူတို့ အစိုးရ က Thai Pass တောင် ဖြုတ်ဖို့ စဥ်းစားနေသည်။ တိုးရစ် စစ်စစ်ဆို အတားအဆီးမဲ့ ဝင်စေချင်ပုံရသည်။ ဇွန်(၁)ရက် စပြီ ဆိုတာနဲ့ အားလုံးပြင်ဆင် ညွှန်ကြားထားပုံရသည်။ဧည့်သည်တွေ လဲ တစ်ဝေါဝေါနဲ့ ဝင်လာကြသည်။


ခု လိုက်ရှာတော့ 4Starsဟိုတယ်မှာရသည်။ Breakfast ပါ 1300 Baths ဖြစ်သည်။

Reception က ဝန်ထမ်းလေးက မြန်မာ ဆိုတော့ ပြောလို့ အဆင်ပြေသည်။

သူတို့ Holiday Inn Hotel Group က ကမ္ဘာ အနှံ ဟိုတယ်ပေါင်း ၁၁၇၃ လုံးရှိပါတယ်။ မြန်မာပြည်မှာ ဖွင့်မယ် လုပ်ပြီးမှ ဆန္ဒတွေ ပြနေတာနဲ့ မဖွင့်ဖြစ်ဘူးဆိုသည်။ သူတို့ Hotel Menmber ဝင် ထားရင် တည်းသမျှ Point ရသည်။ Points စုရလျှင် အလကားတည်းခွင့်ရမည်ဆိုသည်။သူတို့သည် နိုင်ငံတကာ ဖြန့်ကျက်ထားသောGroup ဖြစ်၍

သူတို့ ဟိုတယ်တွေ ဧည့်လာအောင် လုပ်တတ်သည်။








ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)


အခန်း(၁၁)


IconSiamအတွေး

၅၂ထပ်မြင့် ဇိမ်ခံ လူနေအိမ်ခန်း(Luxury Quality Residence) နဲ့ မျိုးစုံသုံး စီမံကိန်း(Mixed Used Project)ဖြစ်သည်။အာရှတိုက်တွင် အကြီးဆုံးShopping Mall တစ်ခုလည်းဖြစ်သည်။ကျောက်ဖရားမြစ်ဘေး ဧက ၂၀ ပေါ်တွင် တည်ရှိပြီ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင်ဖွင့်သည်။ လမ်းဘေးစျေးဆိုင် Street Food ဆိုင် မျိုးလေးတွေ စုရောင်းသည် Food Court မျိုးကအစ စတားဘတ် ကော်ဖီ က NaRa Thai Kitchen. HongBao အစ အခြား နာမည်ကြီးစားသောက်ဆိုင်များ၊ နာမည်ကြီးဖက်ရှင်ဆိုင်များရှိသည်။ ခလေးကစားကွင်းတွေ ရုပ်ရှင်ရုံတွေ၊ ခန်းမကြီးတွေ ပါသည်။မြစ်ဘေးက အဆင့်ဆင့် လုပ်ထားသော Water Dancing ကို မြင်ရသည်။


ရေးချင်သည်မှာ အဆောက်အဦ အကြောင်းမဟုတ်။


သူတို့၏ လုပ်ငန်းရှင် သူဌေးကြီးများ၊ စီးပွါးရေးအုပ်စုကြီးများရင်းနှီးမြုတ်နှံ မှုကြောင့် ပြည်သူတွေ ထောင်ပေါင်းများစွာ တိုက်ရိုက်သော လည်ကောင်း၊သွယ်ဝိုက်သော လည်ကောင်းအလုပ်ရသလို ပြည်တွင်းပြည်ပ မှ လာရောက် ဝယ်ယူသုံးစွဲသူများကြောင့် နိုင်ငံ အတွက် အခွန်ငွေများတိုးကြပါသည်။ သိန်းချီ ပေးရတဲ့Gucci တို့ LV. H&M. Charles & Keith ဖက်ရှင် ဆိုင်တွေ မှာ Discount ပေးနေလို့ တန်းစီ တိုးနေကြသေးသည်။ဝယ်နေသည့်အထဲ မြန်မာတွေလဲပါသည်။


အလားတူ ဘုရင့်တက္ကသိုလ် ချူလာလောင်ကွန်၊ကွန်ခမ်း မဟာဝိဓရာလှိုင် တက္ကသိုလ်များကအစ၊ ပညာရှင်များမွေးထုတ်သည့် တက္ကသိုလ်များကို ဘုရင် နှင့် မိသားစုများကတည်ထောင်ပေးထားသည်။မိမိတို့ဆေးကုပေးသော ဆရာဝန် အချို့သည်ပင် ပြည်ပက ရသည့် ဘွဲ့များမဟုတ်။ ဒီတက္ကသိုလ်တွေက ရထားသောဘွဲ့လွန်များဖြစ်သည်။


အလားတူ သူဌေးကြီးများ၊ လုပ်ငန်းအုပ်စုများ၊ အစုရှယ်ယာများဖြင့် နိုင်ငံတကာ အဆင့်မီ ဆေးရုံများ က Medical Tourism ကိုဖြစ်ပေါ်စေသည်အထိ တည်ဆောက်ခဲ့သည်။


မြန်မာများအကြိုက်၊ စျေးဝယ် စင်တာကြီးများကိုလဲ တည်ဆောက် ကြသည်။

မကြာခင် မြန်မာအကြိုက် Education Tourism တောင်ပေါ်လာနိုင်သေးသည်။


ဆိုလိုသည်မှာ ချမ်းသာသူတို့သည်...ပါရမီ အရ ဖြစ်စေ...ကံအရ ဖြစ်စေ...အခွင့်အလန်းကောင်းများနှင့်ကြုံလို့ ရသည့် ငွေ များဖြင့် ပူးပေါင်း၍တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်းများကို ရင်းနှီးမြုတ်နှံကြသည်။


လူတန်းစားပေါင်းစုံ အလုပ်အကိုင်အခွင့်အလန်းများရသည်။ ထိုအထဲ မှ မှော်ပေါက်သူ၊ အမြင်သစ် အတွေးသစ် များရသူများသည် သူဌေးကြီးများထပ်ဖြစ်လာသည်။


သာမာန် ငွေကြေးစီမံခန်ခွဲမှု အတွေ့အကြုံမရှိသူ၊ နှိမ်ချပြောခြင်းမဟုတ်ရပါ၊ ငွေ နဲ့ အတူကြာကြာမနေတတ်သူများအဖို့ သာမာန်အားဖြင့် နေ့စဥ်ပုံမှန်ဝင်ငွေရနေဖို့က အရေးကြီးသည်။ ငွေပိုလေးရှိရင် စတော့ရှယ်ယာဝင်ထားလို့ရတဲ့ အမြတ်လေးကရနိုင်သေးသည်။

ဖြစ်နိုင်လျှင် အိုမင်းသောအခါ ပင်စင်အပြင် လူမှုရေးထောက်ပံ့ငွေ၊ ဆေးအာမခံ များဖြင့် မကြောင့်မကျ နေရဖို့ ဖြစ်သည်။ကားလေးပိုင်ရင် Grab လို ယာဥ်လိုင်းနဲ့ တဲဲွ​ြပီး အားချိန် Taxi ဝင်ဆွဲရသေးသည်။ နံပတ် အ​ဖြူ(မြန်မာမှာတော့ အနက်) မို့ တက်စီ မဆွဲရလို့ရှိပုံမရ။Grap App အင်တာနက် သွင်းထားရုံပါဘဲ။


ပြည်သူတွေ ကို အစဥ်စောင့်ရှောက်နိုင်တာ ဘုရင်ဖြစ်သည်။သူဌေးကြီးများသည်သူတို့ကို အကောင်းဆုံးအလုပ်အကိုင်တွေ ရအောင် လုပ်ပေးနေသူများသူများဖြစ်သည်ဟု ယုံကြည်လက်ခံထားပုံရသည်။ အားလုံးတက်ကြွပျော်ရွှင်နေကြသည်။ အသက် ၆၀ကျော်အဖွားကြီးတွေ အဖိုးကြီးတွေက တရားအကြောင်းမပြောပေမည့် အကြောင့်ကြ အပူပင်မဲ့ သီချင်းဆို သွားလာလှုပ်ရှားနေကြသလို လူငယ်တွေကလဲ ပျော်ရွှင်စွာအားပေးကြ တက်ကြွစွာ လှုပ်ရှားလုပ်ကိုင်နေကြသည်။

အရေးအကြီးဆုံးက Trust ယုံကြည်မှု ဖြစ်မည်။






ထိုင်းသို့ ဆေးကုသခြင်း ခရီးစဥ်(၂၀၂၂)

(ကိုဗစ် အလွန် ခရီးသွားအတွေ့အကြုံ မျှဝေခြင်းပါ)


အခန်း(၁၂)


ပို့ဆောင်ရေးစနစ်Mass Transport System

မြို့တော်ကြီးတစ်ခုတွင် လူတန်းစား အလွှာ အသီးသီးမှ လူအများစု ကို သွားလိုရာနေရာကို အမြန်ဆုံးရောက်အောင်ပို့နိုင်ရေးကို ကြိုးစားကြသည်။

ထိုင်း မြို့တော်၏ ပို့ ဆောင်ရေးသည် အကောင်းဆုံ မဟုတ်သောလဲ အတတ်နိုင်ဆုံး ဖြေရှင်းနိုင်ရန် Flyover (Elevated Road & Train System )များ၊ မြေအောက် လမ်းများ၊ အသုံးပြုဖြေရှင်းကြသည်။ လမ်းမကြီးပေါ် လူတွေ ဖြတ်သန်းမှု မရှိဘဲ ဖြတ်နိုင်အောင် ကုန်းကျော်တံတားများ၊ Shopping Mall များ တစ်ခုဖြင့်တစ်ခု ဆက်သည့် လူကူးတံတားများ တည်ဆောက် ခွင့်ပြုထားသည်။

စိတ်ဝင်စားသည်မှာ

BTS(Bangkok Skytrain) ခေါ် မြန်မာ မှာ တော့ မြို့ပတ်ရထား ပါ။ သူကတော့ မပတ်ပါ။ လူသွားများတဲ့ နေရာ တွေ ကို ဖြတ် နိုင် အောင် အခြေခံ ရထားလိုင်း(Primary Line)အနေဖြင့် တောင် မြောက် သွားသော လမ်း၊ အရှေ့ အနောက် သွားလမ်းအပြင် လေယာဥ်ကွင်းကိုသီးသန့်သွားသော သီးသန့် ရထားလိုင်းမျာရှိသည်။ အနီလိုင်း အဝါလိုင်း ခရမ်းလိုင်း စသဖြင့် အရောင် ဖြင့် ခွဲထားသည်။

MRT ရထားလိုင်းလဲရှိပါသည်။ လမ်းမကြီးတလျောက် မြေအောက် ရထားလိုင်းဖြစ်သည်။

ထိုအပြင် လိုအပ်သောနေရာများတွင် လိုင်းတိုသယ်ပို့ပေးသောFeeder line များက သီးသန့် ရှိသည်။

မြို့တော် ပို့ဆောင်ရေးစနစ်တစ်ခုလုံး လိုင်းတစ်ခု ဖြင့် တစ်ခု ချိတ်ဆက် ကူးသန်းနိုင်သော လမ်းဆုံ ဘူတာရှိပါသည်။

စျေးသက်သာသည့် မြို့ဖြတ် မြစ်တွင်းသွား ပဲ့ထောင်လှေလိုင်း (မြန်မာပြည်က Water Bus လို သဘော်ကြီးများမဟုတ်) ကူတို့ ဆိပ်နှင့်လည်းချိတ်ဆက်ထားပါသည်။

ရထားလက်မှတ် က ဘဏ်ကတ်ဖြင့် ဖြစ်စေ၊ ငွေသားနှင့်ဖြစ်စေ မိမိသွားလိုသည့် ဘူတာ ကို နှိပ်ပြီး ဝယ်နိုင်ပါသည်။ ဘူတာသို့ ကတ် ဖြတ်၍ ဝင်ယုံသာရှိပါသည်။

ပိုသက်သာသော လပေးလက်မှတ်ရှိသည်။

မီတာဖတ် တက်စီထက်စျေးသက်သာသောလဲ၊ လိုင်းဘတ်စကားထက်စျေးကြီးသည်။

ရထားရပ်သည့် စကြ်ံ တက်နိုင်ရန် စက်လှေကားအပြင် ဓာတ်လှေခါးပါ ရှိပါသည်။မသန်စွမ်းသူနဲ့ ခလေး မိခင်နဲ့ လူအိုများသုံးရန်ဖြစ်သည်။

ရထား လမ်းပေါ် လူ လိမ့်ကျမှု ရှိသဖြင့် ခါလည်လောက် မှန်ဖြင့်ကာထားပြီး၊ ရထားဆိုက်မှ တံခါးပွင့်ပါသည်။

ရထားထဲ တွင် အဲကွန်းလွတ်ထားပြီး ရှေ့ရောက်မည့် ဘူတာကို ဆက် ကြေငြာနေပါသည်။

၁၉၉၅ ခုနှစ်မှ ၂၀၁၁ခုနှစ် အထိ တည်ဆောက် ခဲ့ ပြီးယခု အထိ လည်း အဆင့် ဆင့် နှစ်စဥ် စီမံချက်ဖြင့် တိုးချဲ့ ဆောက် လုပ်လျက်ရှိပါသည်။


အပေါ်ယံလေ့လာခြင်းသာဖြစ်သည်။ ဘန်ကောက်လာလည်သောမြန်မာအများစုက သိပြီးသားဖြစ်သည်။ ဒီစနစ်ထက် ခေတ်မီ တာ ကိုယ့်ဆီ မှာ ဖြစ်စေချင်မှာပါ။

စာအုပ်ထဲမှာပါတာတစ်ခုထဲ၊ မျက်မမြင်ပုဏ္ဏားလိုလေ့လာခြင်းမျိုးမဟုတ်ဘဲ ဘက်စုံက လေ့လာလျှင် ပိုပြည့်စုံမည်။ လွှမ်းခြုံလေ့လာဖို့ လိုသလို တစ်ခုခြင်းအကျိုးအပြစ် ခွဲခြားလေ့လာသင့်သည်။ စကာ်ပူ၊ ဂျပန်၊တရုပ်၊ နဲ့ ပို့ဆောင်ရေးစနစ် မှာ အသားကြနေတဲ့ နိုင်ငံတွေ ကို လဲ လေ့လာသင့်သည်။ ပြီးရင်တော့ နှစ်ရှည်စီမံချက် ဖြင့် အစိုးရ အဆင့်ဆင့်အကောင်အထည် ဖော်သင့်သည်။


ရန်ကုန် မှာ ဂျက်ကာ စီမံချက် ဆိုပြီး ရှိသည်။ နှစ် အတော်ကြာလောက်ပြီ။ အစိုးရအဆက်ဆက် တက်လာရင် တင်ပြကြသည်။


အဲ ကျန်ခဲ့တော့မလို့ ရထားလိုင်းတွေ အားလုံး လျှပ်စစ် ဖြင့်မောင်းသည်။

ရထားလမ်းဘေးက Shopping Mall မှာတော့ ကိုရီးယား စတိုင် ထိုင်းမလေးတွေ သီဆိုဖျော်ဖြေနေကြသည်။ ခဏ တော့ ဝင်ရောလိုက်အုံးမည်။









ရေးစရာ ရှာရတာမော မောလာတော့



ဒီနေ့တော့ ထိုင်းဆေးကုတဲ့အကြောင်းမရေးဖြစ်သေး...

နံက်စောစောမြို့ထဲသွားစရ